![]()
“ကမ္ဘာ့အမြင်ဖြင့် စုစည်းပုံဖော်ခြင်း - ပေါက်ရှန်းနှင့် သာယာလှပသော ဆုံစည်းမှု” ၂၀၂၆ ပြည်ပမီဒီယာသတင်းထောက်များ ပေါက်ရှန်းမြို့ ခရီးစဉ် (“The World in One Frame · A Wonderful Encounter with Baoshan” 2026 Overseas Media Tour) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၇ ရက် မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါက်ရှန်းမြို့ရှိ ယုံချန် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
![]()
တရုတ်၊ မြန်မာ၊ လာအို၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ မီဒီယာသတင်းထောက်များသည် ပေါက်ရှန်းမြို့သို့ စုစည်းရောက်ရှိခဲ့ကြပြီး စစ်မှန်ပြီး ဘက်ပေါင်းစုံပါဝင်ကာ ပြည့်စုံလွှမ်းခြုံနိုင်သော ပေါက်ရှန်းမြို့၏ ပုံရိပ်များကို ရုပ်သံ၊ ဓာတ်ပုံ၊ ဆောင်းပါးများဖြင့် မှတ်တမ်းတင်ရန် ရက်ရှည် သတင်းရယူတင်ဆက်ခြင်းနှင့် အပြန်အလှန် ဖလှယ်ရေး အစီအစဉ်များကို စတင်ခဲ့ကြပါသည်။
![]()
အခမ်းအနားကို မြန်မာနိုင်ငံမှ "ရွှေဇာမဏီ" တရုတ်သတင်းစာမှ ဒေါ်မေသက်ထွန်းနှင့် တရုတ်-အင်္ဂလိပ် နှစ်ဘာသာ အခမ်းအနားမှူး Li Chengxin တို့က ပူးတွဲ ဦးဆောင်ကျင်းပခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ပေါက်ရှန်းမြို့ ကော်မတီ အမြဲတမ်းကော်မတီဝင်နှင့် ပေါက်ရှန်းမြို့ ပြည်သူ့အစိုးရ ဒုတိယမြို့တော်ဝန် Zhang Gaxing ၊ ကူမင်းမြို့ အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်း၊ ပေါက်ရှန်းမြို့ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူး Zhao Jihui ၊ ပေါက်ရှန်းမြို့ ပြည်သူ့အစိုးရ သတင်းပြန်ကြားရေးရုံး အချိန်ပြည့် ဒုတိယညွှန်ကြားရေးမှူး Hu Bingxiong နှင့် China News Service ယူနန်ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး Zhang Dan အပါအဝင် တာဝန်ရှိသူများနှင့် ဧည့်သည်များ တက်ရောက်ခဲ့ကြပါသည်။
![]()
အဆိုပါ လာရောက်လေ့လာသည့် သတင်းမီဒီယာ ကိုယ်စားလှယ်အဖွဲ့တွင် မြန်မာနိုင်ငံမှ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)၊ မြန်မာ့သတင်းစဉ် (MNA)၊ "ရွှေဇာမဏီတရုတ်သတင်းစာ”၊ "ပေါက်ဖော်ကွန်ရက်" နှင့် "ပေါက်ဖော်လစဉ်မဂ္ဂဇင်း"၊ လာအိုနိုင်ငံမှ လာအို ပြည်သူ့သတင်းစာ (Lao Pasaxon)၊ လာအို အမျိုးသားရုပ်မြင်သံကြားနှင့် Vientiane Times သတင်းစာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ RTV ရုပ်မြင်သံကြား၊ Daily Sun သတင်းစာ၊ Jamuna ရုပ်မြင်သံကြားနှင့် ဗီယက်နမ်နိုင်ငံမှ သီးခြားလွတ်လပ်သော မီဒီယာဖန်တီးသူများစသည့် အထင်ကရ နိုင်ငံတကာ သတင်းဌာနများနှင့် မီဒီယာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ကြပါသည်။
![]()
တရုတ်ကွန်မြူနစ်ပါတီ ပေါက်ရှန်းမြို့ ကော်မတီနှင့် ပေါက်ရှန်းမြို့ ပြည်သူ့အစိုးရတို့ ကိုယ်စား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ဒုတိယမြို့တော်ဝန် Zhang Gaxing က နိုင်ငံအသီးသီးမှ ဧည့်သည်တော်များနှင့် မီဒီယာသတင်းထောက်များအား နွေးထွေးစွာ ကြိုဆိုခဲ့ကာ ပေါက်ရှန်းမြို့သည် ယူနန်ပြည်နယ် အနောက်ပိုင်းတွင် တည်ရှိပြီး ရှေးဟောင်း တောင်ဘက် ပိုးလမ်းမကြီး၏ အဓိက တံခါးပေါက်တစ်ခုဖြစ်သလို တရုတ်နိုင်ငံ၏ တောင်အာရှနှင့် အရှေ့တောင်အာရှသို့ ဘက်စုံဖွင့်လှစ်မှုအတွက် မဟာဗျူဟာမြောက် နယ်စပ်ဒေသတစ်ခုဖြစ်ကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့ပါသည်။
![]()
![]()
ထို့အပြင် ပေါက်ရှန်းသည် အိမ်နီးချင်းနိုင်ငံများနှင့် မီဒီယာ၊ လူမှုရေး၊ ယဉ်ကျေးမှု စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုများကို အစဉ်အမြဲ တိုးမြှင့်လျက်ရှိပြီး ယခုခရီးစဉ်မှတစ်ဆင့် နိုင်ငံတကာမီဒီယာများအနေဖြင့် ပေါက်ရှန်း၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များကို အမှန်တကယ် လေ့လာသိရှိကာ ဒေသ၏ ပြောင်းလဲတိုးတက်မှုများနှင့် ဒေသခံတို့၏ ပျော်ရွှင်ဖွယ် ဘဝပုံရိပ်များကို မှတ်တမ်းတင်ဖော်ပြပေးခြင်းဖြင့် ကမ္ဘာကြီးက ပေါက်ရှန်းကို ပိုမိုသိရှိလာစေရန်နှင့် ပေါက်ရှန်းကလည်း ကမ္ဘာသို့ ပိုမိုခြေလှမ်းလှမ်းနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
![]()
ဆက်လက်၍ ကူမင်းမြို့ အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းက မိန့်ခွန်းပြောကြားရာမှာ နွေးထွေးစွာ ကြိုဆိုဧည့်ခံပြီး အစစအရာရာ စနစ်တကျ စီစဉ်ပေးခဲ့ကြသည့် အိမ်ရှင်အဖွဲ့အစည်းများကို အထူးကျေးဇူးတင်ရှိကြောင်း၊ ယခုခရီးစဉ်အတွင်း မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများမှ မီဒီယာကိုယ်စားလှယ်များသည် လုံယန်ခရိုင်၊ လုံးလင်းခရိုင်၊ ထိန်ချုန်းမြို့ စသည့် ဒေသများသို့ သွားရောက်၍ ပေါက်ရှန်း၏ ဂေဟစနစ် ထိန်းသိမ်းရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး၊ ဒေသထွက်ကုန် စိုက်ပျိုးရေးနှင့် ယဉ်ကျေးမှု ခရီးသွားလာရေး နယ်ပယ်များတွင် ရရှိထားသော အောင်မြင်မှုများကို ကိုယ်တိုင်ကိုယ်ကျ လေ့လာသတင်းယူကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
![]()
![]()
ဦးသွင်ထက်လင်းက “တရုတ်နှင့် မြန်မာ နှစ်နိုင်ငံသည် နက်ရှိုင်းသော ပေါက်ဖော်ချစ်ကြည်ရေးနှင့် အပြန်အလှန် အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှု သမိုင်းကြောင်းရှည်လျားစွာ ရှိကြပါတယ်။ မီဒီယာဆိုတာ အပြန်အလှန် နားလည်မှု တိုးတက်စေဖို့နဲ့ ပြည်သူချင်း ဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့အတွက် အရေးပါတဲ့ တံတားတစ်စင်း ဖြစ်ပါတယ်။ အခု အစီအစဉ်ဟာ ပေါက်ရှန်းရဲ့ အောင်မြင်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းဆီ ဖော်ထုတ်ပြသနိုင်ရုံတင် မဟုတ်ဘဲ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှု၊ ပညာရေးနဲ့ မီဒီယာ ကဏ္ဍတွေမှာ ဖလှယ်ရေး လုပ်ငန်းတွေကို ပိုမိုမြှင့်တင် ပေးနိုင်မှာဖြစ်ပါတယ်” ဟု အလေးပေး ပြောကြားခဲ့ပါသည်။
![]()
ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ သတင်းထောက် ဦးငြိမ်းချမ်းအောင် က မြန်မာမီဒီယာများ၏ ကိုယ်စား ဝမ်းမြောက်စကားပြောကြားရာတွင် ယခုအစီအစဉ်အပေါ် မျှော်လင့်ချက်များကို မျှဝေခဲ့ပြီး မီဒီယာ၏ အခန်းကဏ္ဍကို အပြည့်အဝ အသုံးချ၍ ပေါက်ရှန်း၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပြောင်းလဲမှုများနှင့် ဒေသန္တရ ဓလေ့ထုံးစံများကို မြန်မာပြည်သူများထံ တိကျစွာ မိတ်ဆက်တင်ပြသွားမည်ဟု ပြောကြားခဲ့ပါသည်။
![]()
ဆက်လက်၍ RTV ရုပ်မြင်သံကြားမှ သတင်းထောက် Muhammad Abdur Rahman Badal က ဘင်္ဂလားဒေ့ရှ် မီဒီယာများကိုယ်စား ပြောကြားရာတွင် ယခုခရီးစဉ်မှတစ်ဆင့် ပေါက်ရှန်း၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များကို ပိုမိုလေ့လာပြီး စစ်မှန်၍ စုံလင်ဆန်းသစ်သော ပေါက်ရှန်းမြို့၏ အသွင်အပြင်ကို ဘင်္ဂလားဒေ့ရှ် ပရိသတ်များထံ မိတ်ဆက်ပေးကာ နှစ်နိုင်ငံ မီဒီယာ ဖလှယ်ရေးနှင့် ပြည်သူချင်း ဆက်ဆံရေးကို မြှင့်တင်လိုကြောင်း ပြောကြားခဲ့ပါသည်။
![]()
![]()
မိန့်ခွန်းများ ပြောကြားပြီးနောက် တက်ရောက်လာသော ခေါင်းဆောင်များနှင့် ဧည့်သည်တော်များသည် “ကမ္ဘာ့အမြင်ဖြင့် စုစည်းပုံဖော်ခြင်း - ပေါက်ရှန်းနှင့် သာယာလှပသော ဆုံစည်းမှု” ၂၀၂၆ ပြည်ပမီဒီယာသတင်းထောက်များ ပေါက်ရှန်းမြို့ ခရီးစဉ်ကို တရားဝင် စတင်ဖွင့်လှစ်ပေးခဲ့ကြပြီး နက်ရှိုင်းလာသော နိုင်ငံတကာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို သင်္ကေတဆောင်သည့် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ကြပါသည်။
![]()
![]()
ဖွင့်ပွဲအခမ်းအနားအပြီးတွင် “AI ခေတ်သစ်၌ နိုင်ငံတကာ သတင်းဆက်သွယ်ပြန်ကြားရေးဆိုင်ရာ အခွင့်အလမ်းများနှင့် လက်တွေ့ကျင့်သုံးမှုများ” ခေါင်းစဉ်ဖြင့် နိုင်ငံတကာ မီဒီယာ စကားဝိုင်း (Media Salon) ကို ဆက်လက်ကျင်းပခဲ့ပြီး မီဒီယာ ကိုယ်စားလှယ်များမှ အဓိက မီဒီယာကြီးများအနေဖြင့် AI ခေတ်နှင့်အညီ မည်သို့ ပြုပြင်ပြောင်းလဲရန်၊ ပြည်သူချင်း ကူးလူးဆက်ဆံရေးအတွက် ဆက်သွယ်ရေးတံတားများ မည်သို့ တည်ဆောက်ရန်နှင့် ဒေသတွင်း ဆွဲဆောင်မှုရှိသော သတင်းအကြောင်းအရာများကို နိုင်ငံတကာ အမြင်များဖြင့် ပုံဖော်တင်ဆက်ရန် မည်သို့ အသုံးချရမည်ဆိုသည်များကို ဆွေးနွေးခဲ့ကြပါသည်။
![]()
![]()
![]()
![]()
လာမည့် ရက်များအတွင်း နိုင်ငံတကာ သတင်းမီဒီယာ ကိုယ်စားလှယ်အဖွဲ့သည် လုံယန်၊ လုံလင်းနှင့် ထိန်ချုန်း ဒေသများသို့ သွားရောက်ကာ အသေးစိတ် အင်တာဗျူးများနှင့် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ခေတ်မီဆန်းသစ်သော ပေါက်ရှန်းမြို့၏ အကြောင်းအရာများကို ကမ္ဘာ့ပရိသတ်များထံ တင်ဆက်ပေးသွားမည်ဖြစ်သလို ဒေသတွင်း မီဒီယာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုခိုင်မာအောင် မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။